Wednesday, August 27, 2008

လေခိုနေတဲ့ ညနေ


(၁)
နေက အတော်လေး စောင်းသွားပြီ...။

(၂)
ညနေခင်းရထားနဲ့ ဆိုက်ရောက်လာလိမ့်မယ်
ပေါင်မုန့်အသစ်တွေနဲ့ ၀ိုင်ချိုအိုးတွေ...
စားခွင့်မရရင်တောင် ချိုအီနေနိုင်တဲ့
အခိုင်လိုက် စပျစ်သီးတွေ....
တစ်ဖွဲ့ကြီး ဆိုက်ရောက်လာလိမ့်မယ်..။

(၃)
ရထားကြိုဖို့ ထွက်လာ
လေကလေးချွန်တဲ့ပြီး
စိတ်လက်ကြည်သာပန်းတွေ
ဆယ်နှစ်ရာသီစာ တပြိုင်တည်းပွင့်
စမ်းချောင်းလေးထဲ
လှိုင်းသားပေါက်လေးတွေ ခုန်ထ
ဘူတာ နီးလာပြီ....!!!!
ရထားအကြိတ်ခံရတဲ့ သံလမ်းလို
ရင်အုံလေး တုန်ခါပြ
ဘူတာနီးလာ......ရင်အုန်တုန်ခါ
ပိုနီးလာ........အရမ်းတုန်ခါ

(၄)
ဝင်လာဘီ
ရထား ကိုယ့်ဆီ ၀င်လာဘီ
မဟုတ်သေးဘူး
ကိုယ်က ညနေခင်းထဲ ၀င်သွားတာ
ဟိုမှာ..!! ရနံ့တွေ မဟုတ်လား
ပေါင်မုန့်သစ်ရနံ့
စေးပျစ်ထုံအီ ၀ိုင်ခ်ျိုရနံ့ တလူလူ
ဦးထုပ်ဖြူလေး ထက်အောက်လှုပ်ပြနေတာကရော
ဟုတ်လား..!! ဒါ
သိပ်ကို ရည်ငံနေပါလား
ကိုယ့်အတွက် “တိုးတိုးဖော်” တဲ့လား
ထခုန်စမ်း!!!!!!!
ဝမ်းသာဟောက်ပက် ထခုန်ပစ်စမ်း
ဒီလိုတော့လည်း စိတ်ကောင်းရှိလှချေလား
ရထားက ကိုယ့်ဆီ အပြေးကလေး..
သခင်ကြိုခွေးလေးတစ်ကောင်လို
ကိုယ်က အမောတကော ပြေးလွှား..
ရထားက မီးခိုးအူလို့ လေထဲမှာ ... ... ..
ကိုယ်က မီးခိုးအူလို့ လေထဲမှာ ... ... ..

(၅)
ဒီကနေ့ထုတ် သတင်းစာက
ဒီလို ဖော်ပြထားတယ်
“................နပိုလီယန်အတွက်
ဘရပ်ဆဲလ် ကပွဲတွေမှာ ဘရိတ်ပေါက်ခဲ့တယ်၊
လူအိုရုံဘူတာလေးမှာ......
မနေ့က ရထား ဘရိတ်ပေါက်ခဲ့တာလည်း
သိပ်ကို ကျိန်းသေတယ်.....”

(၆)
နေက အတော်လေး စောင်းသွားပြီ.....။

- မျိုးသက်နှစ် -

Labels:

Tuesday, August 26, 2008

ဆေးရုံ


ကမ္ဘာပေါ် ငါတို့ရောက်လာခြင်း အကြောင်းအရာတစ်ချို့
ကိုယ်အခြမ်းပျောက်ကို ရှာဖို့လည်းပါတယ်
ဘယ်လိုလဲဆိုတော့
ဓါတ်မှန်ရိုက်ကြည့်သလိုမျိုးပေါ့
ရောဂါပိုးမွှားရှာသလို ရှာခဲ့ကြတယ်
ဖြစ်ရပုံက ဆေးရုံတစ်ခုမှာပေါ့
ပျင်းတ်ာနဲ့ ဆေးရုံတက်ဖို့ ရောက်သွားတယ်
လူနာကုတင်ပေါ်မှာ ကိုယ်စာဖတ်နေတယ်
အပျင်းပြေ ဆေးပြားသောက်ချင်လည်း သောက်မှာပေါ့
ဒီအဖြစ်ကို မြင်တဲ့ ဆရာမတစ်ယောက်က
(နောက်မှ သူပြောတာ သနားလို့တဲ့ )
အဲဒီတော့ ကိုယ်အပျင်းပြေဖို့ပေါ့
ကိုယ်သွေးထဲ ပိုးမွှားတွေလွှတ်ထည့်လိုက်တယ်
ဒီကတည်းက... ...
ဆရာမလေးထံ ကိုယ်ဟာနာဖျားသူစစ်စစ်
ဒီကတည်းက... ...
ကိုယ့်ရောဂါ ပိုးမွေးသလိုမွေးခဲ့
ဒီကတည်းက... ...
ဒီကတည်းက... ...
ဘယ်လိုလဲဆိုတော့... ..
ကိုယ်ကသူ့ကို ချစ်တယ်ဆိုတာ
အရူးမက သူ့သားငယ်ကို ဘယ်လိုချစ်သလဲဆိုတာပေါ့
ဘယ်လိုလဲဆိုတော့...
ဓါတ်မှန်ရိုက်ကြည့်သလိုမျိုးပေါ့
ကမ္ဘာပေါ် ငါတို့ရောက်လာခြင်း အကြောင်းအရာတစ်ချို့
ဆေးကုသမှု ခံယူဖို့ ရောက်လာသူများလဲဖြစ်ရဲ့
အဲဒါကို ပြောဖို့မေ့နေတယ်...။ ။
- မျိုးသက်နှစ် -

Labels:

Sunday, August 24, 2008

နွေ

ငါရောက်နေတဲ့ မြို့ က 24'C
ဥသြသံတွေတော့ ဒီမှာမရှိဘူး
ပူတာကတော့ ကမ်းကုန်ပဲ
သင်္ကြန်ကလည်း ဟိုတစ်ယောက်မပါတဲ့ သင်္ကြန်
ငါ့စိတ်နဲ့ ငါ့ ကိုယ်ကလည်း
ကိုယ့်ချွေးနဲ့ကိုယ် ပြန်အအေးပတ်တယ်။

ဒီလောက် ပူလောင်နေတာတောင်
ညနေ(၅)နာရီ မကျော်ခင် ရေမချိုးရဘူးတဲ့
ပွင့်လင်းရာသီမို့ မီးကြွင်းမီးကျန်လည်း သတိပြုရတယ်
အချစ်ဦးဆိုတာလည်း...............သိတဲ့အတိုင်း
ဘယ် တော့ မှ..............မငြိမ်းဘူး
ပြာဖုံးတာပဲ ရှိတယ်

အေးလေ
အချစ်စစ်ဆိုတာ ကြုံတောင့်ကြုံခဲပါတယ်
ဒီလို စိတ်ဖြေရင်း
မွန်းတည့်တည့်မှာ သက်ဆိုးရှည်နေရတယ်။

လေရူးတွေကပဲ အကကောင်းတာလား
ငါကလည်း အညှာလွယ်တဲ့ သစ်ရွက်ဝါပဲ
စိတ်ရောကိုယ်ပါ ကြွေကျခဲ့တယ်။ ။
- စိုးလှိုက်ဦး -

Labels: , ,

Tuesday, August 12, 2008

အိပ်တန်းပြန်


မိုးခေါင်ရေရှားတဲ့ အညာပေမယ့်
အလွမ်းတွေချည်း တူးတူးခါးခါးပွင့်ဝေနိုင်တာလေးတစ်ခုနဲ့ပဲ
အဲဒီ "ယင်းမာပင်" မြို့ ကလေးကို
"တမာပင်မြို့ " လို့ ပြောင်းခေါ်ရင်ကောင်းမယ်
ကိုယ့်မေမေရှိတဲ့ မြို့ ကလေးမို့
"မေမေ" လို့ ခေါ်ရင်လည်း ရတာပဲ။
သူ့ရင်ဘတ်ပေါ်က
ရေအပြည့်နဲ့ကျောက်ပေါက်ခွက်ကလေးတွေကို ကြည့်ပြီး
နောင်မှာ ရေနစ်နိုင်တယ်လို့ အတိတ်ကောက်နေတဲ့
ရေဖောဖောချိုးတတ်တဲ့အကျင့်နဲ့ မြို့ကလေးမှာ
ဂျပန်ခေတ်ကတည်းက တံတားအိုလေးလည်းရှိမယ်
အကြိုက်မတူတဲ့သီချင်းတွေ သောက်နေတတ်တဲ့ ကော်ဖီဆိုင်လေးလည်းရှိမယ်
အဖြူထည်မရင့်ကျက်မှု့တွေ ဖြန့်ခင်းထားတဲ့ စာသင်ကျောင်းလေးလည်းရှိမယ်
(သူ့စားကျက်မှာ သိုးတွေပဲကျောင်းခွင့်ရှိတယ်)
တံခါးမရှိတဲ့စိတ်လုံကိုယ်လုံ ကိုယ့်မိသားစုလေးလည်းရှိမယ်
ဘယ်တော့မှ မမေ့နိုင်တော့မယ့် အမေ့ခံကောင်မလေးလည်း ရှိမယ်
နာမည်မသိတဲ့အရောင်လေးချည်းပဲ ၀တ်ထားတတ်တဲ့ကားလေးလည်းရှိမယ်
ကိုယ့်သူငယ်ချင်းကလေးတွေလည်း ရှိမယ်
တစ်ခါကမက်ဖူးတဲ့ ကိုယ်အိပ်မက်ဟောင်းလေးလည်းရှိမယ်
အဲဒါလေးတွေနဲ့ ပဲ
ကိုယ့်သတိရစိတ်ကလေးတွေ အမြဲစိမ်းစိုခဲ့ရတော့တာပါပဲ။
အိပ်မက်ကြီးကြီးနဲ့ဘ၀က ဆန္ဒနဲ့မတည့်ဘူးမို့လား
ဒီတော့-----
အားတက်သရော ဝေးလွင့်ရတဲ့ဘ၀ရဲ့ စိတ်ရောကိုယ်ပါ မနက်ဖြန်ကျရင်
"ဂငယ်ကွေ့ " ကို တည့်တည့်မတ်မတ် ပြန်ကွေ့မယ်
ရှိတ်စပီးယားပြဇာတ်တွေထက် လွမ်းဖို့ကောင်းတဲ့မြို့ကလေးရေ
တတ်နိုင်တဲ့တစ်နေ့ကျရင်တော့
အိမ်ပြန်တတ်တဲ့ ဖိနပ်တစ်ရံ ၀ယ်မယ် စိတ်ကူးထားတယ်ကွယ့်။ ။
- စိုးလှိုက်ဦး -

Labels: , ,

Saturday, August 9, 2008

ကိုယ့်အိမ်ရှေ့ က အရေးတကြီး ခေါင်းလောင်းသံ


(သက်သေပြချက်ပေးစရာ လိုလို့လား
အချစ်မှာ ။
ငါ့ကို ရင့်ရင့်သီးသီးလေးပြန်ပြောစမ်းပါ )
မင်းခြေထောက်လေး နှစ်ချောင်းနဲ့သာ
အတူလျှောက်ရမယ်ဆို
အမြဲတမ်း မိုင်ပေါင်း-၁၅၀၀
ရယ်သံလေး ကြားရရုံနဲ့
အရည်ပျော်ချင်နေတဲ့ ငါပါ ခလေးမရယ်........။

သက်ရှိအလှတရား
နွယ်တက်သစ်ပင် နင်လေ
ဆံစနွယ် ကျေပြင်ပေါ်တွဲခို
ခါးအထိရှည်တဲ့ အင်္ကျီကို ၀တ်မယ်
လက်မောင်းသားလေးလဲ ပေါ်နေမယ်
စက်ဘီး အနှေးစီးရင်း
တိုးတိုးလေး သီချင်းညဉ်းမယ်
တခါတလေ စိတ်လိုလက်ရ ရယ်မယ်
ဇာတ်နာတဲ့ ၀ထ္တုဖတ်ပြီးရင် ငိုမယ်
လမ်းလျှောက်ရင် ကိုယ်လုံးလေး လှုပ်ခါမယ်
စပယ်ရနံ့ ခေါင်းလျှော်ရည်ကို သုံးမယ်
အေရိုးဗစ် ကစားမယ်
ဒီနှစ်ပိုင်းထဲ တရားလည်း ထိုင်ဦးမယ်
အဲဒီလို မင်းကို အလွတ်ရနေတာတောင်
ငါ့အတွက် အောင်မှတ် မနီးသေးဘူးလားကွယ်။

ကိုယ့်တံတွေး ကိုယ်မျိုရတာလောက်
ကိုယ့်ဆန္ဒကိုယ်မျိုရတာ မလွယ်လွန်းလို့
မြို့ ကြီးပြကြီးတွေလို မစိမ်းစမ်းနဲ့ကွယ် ။
ခြေချော်လက်ချော် ဒီစာမေးပွဲအောင်ပြီးရင်
“ကားအ၀င်အထွက် ရှိသည် ဆိုင်းဘုတ်ပြားလေး
ခပ်တည်တည် ချိတ်ဆွဲမယ်
ငါရဲ့ အိမ်နံပတ်ကို
မင်းနာမည် ရေးထိုးမယ်
ဆေးလိပ်လည်း ဖြတ်မယ်
လိုအပ်ရင် ဆံပင်တွေပါ ဖြတ်မယ်
ချစ်သူကို အဝေးက မြင်နိုင်မယ့်
မျက်မှန်ထူထူလည်း ၀ယ်ဝတ်လိုက်ဦးမယ်
အဲသလို အလင်းလုရင်း အရပ်ပိုရှည်လာခဲ့
ငါ့ ဒီအချစ်ကဗျာကို
သိပ်ပြီး စိတ်မရှည်တော့ရင်လဲကွယ်...
(ဒီက ငါ့ကို)
နေ့ချင်းညချင်း ပြန်ချစ်လိုက်ပေါ့ကွယ်.....။ ။
- မျိုးသက်နှစ် -

Labels: ,

Friday, August 8, 2008

မိသားစု


ဒီအပင်က ပေါက်ဖွားလာတဲ့
အသီး အပွင့် တွေဟာ
တစ်ချိန်မှာ
သူ့မျိုးစေ့နဲ့ သူ ရှင်သန်ကြမှာပဲ. . .။

သူတို့ တစ်တွေ
အသီးအပွင့် ဘယ်လို ဖြစ်လာကြတယ် ဆိုတာ
သိသလို
လောကဓံ တရား အကြောင်းကိုလည်း
နားလည် ကြပါတယ်။
ဒီ သစ်ကိုင်းပေါ်မှာမှ
ထာဝရ ရပ်တည်လို့ မရနိုင်တာ
သူ ရှင်သန်ဖို့
သူ ကြိုက်ရာမြေ ရွေးပါစေလေ . . .
ရေခံမြေခံ မကောင်းတာတော့
သူ့ အကြောင်းတရားပေါ့ ။

ဒီလိုနဲ့
ညနေ ထမင်းဝိုင်းလည်း
ပန်းကန်ချပ်ရေ လျှော့လာ
နောက်ဆုံးတော့
အရင် အတိုင်း ပင်စည် နှစ်ခွသာ . . .။ ။

- ရိုးမြင့်ကောင်းသစ် -

Labels: ,

Thursday, August 7, 2008

အရောင်ပျယ်နေတဲ့ နေ့


စိတ်မပါ လက်မပါ မနက်စာရယ်
နံနက်ချိန်ခါ တေးသံလည်း မသာဘူး
စိတ်က နေရောင်အောက်မှာ အရောင်လွင့်တယ်။

ကျွန်တော်. . .
စိတ်နဲ့ ကိုယ် မကပ်တာ (၅)နှစ် ရှိပြီ မေမေ . . .
ကျွန်တော် ဖျားနေတာလည်း (၅)နှစ် ရှိပြီ မေမေ . . .
ကျွန်တော် သေသွားတာလည်း (၅)နှစ် ရှိပြီ မေမေ . . .
ကျွန်တော် ပျောက်သွားတာလည်း (၅)နှစ် ရှိပြီ။

သား အိပ်မက်ထဲက ကြယ်တွေ မပွင့်နိုင်တဲ့ ရာသီပဲ
ကဗျာဆရာလည် မဖြစ်ဘူး။
ပရိုဂရမ်မာလည်း မဖြစ်ဘူး။
စိုးလှိုက်ဦးလည်း မဖြစ်ဘူး။
ကောင်မလေးရဲ့ ဘဲလေးလည်း မဖြစ်ဘူး။
ဒီကမ်းပါးမှာ နေမြင့်လေလေ ပါပဲ မေမေရယ်. . . ။

ဟိုကောင် ပြောတာတော့
သားဟာ ဖိနပ်မှားစီးတဲ့သူ တဲ့ . . .။
ဖြစ်နိုင်ရင် ဖိနပ်ထက် ရှေ့ရောက်အောင် ပြေးချင်တဲ့ သားဟာ
အခု ဖိနပ်ကိုတောင် မမီတော့ဘူး။
ရောဂါတိုင်းဟာ ဆေးခါးကြီးတွေနဲ့မှ ပျောက်မယ်လို့
ဘုရား မဟောခဲ့ဘူး ထင်တာပဲ . . .။

ဒီလို နဲ့ ပဲ
သားအိပ်မက်တွေ . . . ပြန်မျှားလို့ မရတော့ဘူး
ဒီခေတ်ကြီးမှာ စံပယ်တွေ ပွင့်ဖို့ ဆိုတာ
ဘုရားပွင့်သလောက် ခက်သွားပြီဆိုတာ သေချာသွားသလိုမျိုးပေါ့ . . .။
- စိုးလှိုက်ဦး -

Labels: ,

Access URLs

Feeds & Traffic


Powered by  MyPagerank.Net
Yahoo bot last visit powered by MyPagerank.Net
Msn bot last visit powered by MyPagerank.Net


Recent Comments




Visitors


FREE Hit Counters!

License


Creative Commons License
MyLittlePoemFactory by Daywalker is licensed under a Creative Commons Attribution 3.0 United States License.
Based on a work at daywalker-poem.blogspot.com.
Permissions beyond the scope of this license may be available at http://daywalker-poem.blogspot.com.