ကြောင်
၁။ ကျွန်တော်တွင် “မနက်ဖြန်”ဟု ခေါ်သော ကြောင်ကလေးတစ်ကောင် ရှိပါသည်။ သူကလေး၏ နာမည်ကို ခေါ်လိုက်တိုင်း အလန့်တကြား ခေါင်းလေး ထောင်ကြည့်တတ်၍ ထိုအမူအကျင့်လေးကို ကျွန်တော်အလွန် သဘောခွေ့ပါ သည်။ သူကလေးတွင် ၀ှက်ထားသော လက်သည်းတစ်စုံရှိပြီး စိတ်မရှည်သော အခါများတွင် ထုတ်၍ ကြည့်နေတတ်ပါသည်။
၂။ တစ်ခါတစ်ရံတွင် ပွတ်တီးပွတ်သပ် နေချင်စိတ်ကလေး ပေါက်နေတတ်ပြီး ကျွန်တော့်ရင်ဘတ်ကို ကုတ်ခြစ်၍ ထွက်ပြေးသည့်အခါလည်း ထွက်ပြေးတတ် ပါသည်။ စိတ်နှင့်စိတ်၏ ဘေးထွက်ပစ္စည်းများကို စွန့်ပစ်ရာတွင်လည်း စနစ်တကျ ဖုံးအုပ်တတ်သော အလေ့အထလေးလည်း ရှိပါသည်။ ထို့ကြောင့် အများက ကြွက်ကိုကြောက်လို့ ဟု သမုတ်တတ်ကြပါသည်။
၃။ သူကလေး၏အသံမှာ တစ်ခါတစ်ရံ တယောထိုးသံထွက်၍ တစ်ခါတစ်ရံ မိုးကြိုးပစ်သံ ထွက်တတ်ပါသည်။ သူမတူအောင် ထူးချွန်မှုတစ်ခုမှာ သူကလေး၏ မာနတစ်ခွဲသားလေးကို အသံမမည်အောင် လှုပ်ရမ်းတတ်ခြင်း ဖြစ်သည်။ အထူးသဖြင့် သူ၏အိပ်မက်ကို ခုန်အုပ်ကာနီးအချိန်များတွင် ပို၍ တိတ်ဆိတ်တတ်ပါသည်။
၎။ ကျွန်တော့်အိပ်ရာပေါ်တွင် သောက ခြစ်ရာဆင်းရာများ တွေ့ရသည့်အခါ တိုင်း “ဈေးပေါပေါနှင့် ရောင်းပစ်မည်”ဟု ကြိမ်းဝါးမိတတ်ပါသည်။ ထိုအခါ များတွင် သူသည် တွေဝေခြင်းများ၌ ရက်ရှည်လများ ဖျားနာတိတ်ဆိတ်သွား တတ်ပါသည်။
၅။ ယခု...... သူကလေး တိတ်ဆိတ်နေပါသည်။ ဖျားနာ နေ၍လား........၊ သူ့အိပ်မက်ကို ခုန်အုပ်ဖို့လား......။ဖျားနာနေတဲ့ သူ့အိပ်မက်ကို ခုန်အုပ်ဖို့ လား.....၊ သူ့အိပ်မက်ကို ခုန်အုပ်ဖို့ ဖျားနာနေတာလား.............။ကျွန်တော် သေချာမသိပါ။ သေချာသည်မှာ...... သူကလေး.... တိတ်ဆိတ်နေပါသည်။ ..သူ..က..လေး.....တိတ်..ဆိတ်..နေ..ပါသည်..........................။

+ စိုးလှိုက်ဦး +
Labels: life, စိုးလှိုက်ဦး
သူကလေးတိတ်ဆိတ်နေတာ
အဖေါ်လိုနေလို့ ကဗျာဆရာရေ
Posted by
Unknown |
December 7, 2009 at 5:18 AM