အိပ်တန်းပြန်
မိုးခေါင်ရေရှားတဲ့ အညာပေမယ့်
အလွမ်းတွေချည်း တူးတူးခါးခါးပွင့်ဝေနိုင်တာလေးတစ်ခုနဲ့ပဲ
အဲဒီ "ယင်းမာပင်" မြို့ ကလေးကို
"တမာပင်မြို့ " လို့ ပြောင်းခေါ်ရင်ကောင်းမယ်
ကိုယ့်မေမေရှိတဲ့ မြို့ ကလေးမို့
"မေမေ" လို့ ခေါ်ရင်လည်း ရတာပဲ။
သူ့ရင်ဘတ်ပေါ်က
ရေအပြည့်နဲ့ကျောက်ပေါက်ခွက်ကလေးတွေကို ကြည့်ပြီး
နောင်မှာ ရေနစ်နိုင်တယ်လို့ အတိတ်ကောက်နေတဲ့
ရေဖောဖောချိုးတတ်တဲ့အကျင့်နဲ့ မြို့ကလေးမှာ
ဂျပန်ခေတ်ကတည်းက တံတားအိုလေးလည်းရှိမယ်
အကြိုက်မတူတဲ့သီချင်းတွေ သောက်နေတတ်တဲ့ ကော်ဖီဆိုင်လေးလည်းရှိမယ်
အဖြူထည်မရင့်ကျက်မှု့တွေ ဖြန့်ခင်းထားတဲ့ စာသင်ကျောင်းလေးလည်းရှိမယ်
(သူ့စားကျက်မှာ သိုးတွေပဲကျောင်းခွင့်ရှိတယ်)
တံခါးမရှိတဲ့စိတ်လုံကိုယ်လုံ ကိုယ့်မိသားစုလေးလည်းရှိမယ်
ဘယ်တော့မှ မမေ့နိုင်တော့မယ့် အမေ့ခံကောင်မလေးလည်း ရှိမယ်
နာမည်မသိတဲ့အရောင်လေးချည်းပဲ ၀တ်ထားတတ်တဲ့ကားလေးလည်းရှိမယ်
ကိုယ့်သူငယ်ချင်းကလေးတွေလည်း ရှိမယ်
တစ်ခါကမက်ဖူးတဲ့ ကိုယ်အိပ်မက်ဟောင်းလေးလည်းရှိမယ်
အဲဒါလေးတွေနဲ့ ပဲ
ကိုယ့်သတိရစိတ်ကလေးတွေ အမြဲစိမ်းစိုခဲ့ရတော့တာပါပဲ။
အိပ်မက်ကြီးကြီးနဲ့ဘ၀က ဆန္ဒနဲ့မတည့်ဘူးမို့လား
ဒီတော့-----
အားတက်သရော ဝေးလွင့်ရတဲ့ဘ၀ရဲ့ စိတ်ရောကိုယ်ပါ မနက်ဖြန်ကျရင်
"ဂငယ်ကွေ့ " ကို တည့်တည့်မတ်မတ် ပြန်ကွေ့မယ်
ရှိတ်စပီးယားပြဇာတ်တွေထက် လွမ်းဖို့ကောင်းတဲ့မြို့ကလေးရေ
တတ်နိုင်တဲ့တစ်နေ့ကျရင်တော့
အိမ်ပြန်တတ်တဲ့ ဖိနပ်တစ်ရံ ၀ယ်မယ် စိတ်ကူးထားတယ်ကွယ့်။ ။
- စိုးလှိုက်ဦး -
Labels: home, life, စိုးလှိုက်ဦး


ဖတ်လို့ကောင်းလိုက်တာအကိုရာ မြို့ကလေးကို မရောက်ဖူးပါဘဲနဲ့ လွမ်းလွမ်းဆွေးဆွေး ဖြစ်မိသွားတယ်ဗျာ။
တမာပင် တမာရိပ်တွေနဲ့ ယင်းမာပင်မြို့ကလေး အစဉ်အမြဲ အေးချမ်းသာယာပါစေ..။
Posted by
ညိမ်းညို |
August 20, 2008 5:10 AM
အကိုပြောတဲ့ဖိနပ်လေးရပါစေ...
Posted by
မုန်းချောင်းတေး |
October 20, 2008 9:53 PM
ဒီတော့-----
အားတက်သရော ဝေးလွင့်ရတဲ့ဘ၀ရဲ့ စိတ်ရောကိုယ်ပါ မနက်ဖြန်ကျရင်
"ဂငယ်ကွေ့ " ကို တည့်တည့်မတ်မတ် ပြန်ကွေ့မယ်
ရှိတ်စပီးယားပြဇာတ်တွေထက် လွမ်းဖို့ကောင်းတဲ့မြို့ကလေးရေ
တတ်နိုင်တဲ့တစ်နေ့ကျရင်တော့
အိမ်ပြန်တတ်တဲ့ ဖိနပ်တစ်ရံ ၀ယ်မယ် စိတ်ကူးထားတယ်ကွယ့်။ ။
ကျမလည်း ယင်းမာပင်ကိုလွမ်းသွားတယ်
နေခဲ့ဘူးတဲ့ မြို့လေးပါ့
Posted by
မသက်ဇင် |
May 14, 2009 1:47 PM
ကဗျာဆရာကို
ဖိနပ်တရံ ဝယ်ထားပေးတယ်ရှင့်
လာယူပါ။
ခင်မင်လျက်
Posted by
ကဗျာဦး |
May 21, 2009 7:13 PM
"အိပ်တန်းပြန်"
လွမ်းစရာမြို့လေးပါလား
လာလည်ချင်လိုက်တာ
Posted by
Nan |
October 31, 2009 5:29 PM
တံခါးမရှိတဲ့စိတ်လုံကိုယ်လုံ ကိုယ့်မိသားစုလေးလည်းရှိမယ်
ဘယ်တော့မှ မမေ့နိုင်တော့မယ့် အမေ့ခံကောင်မလေးလည်း ရှိမယ်
လွမ်းစရာကဗျာလေးပါရှင်
Posted by
မေမေခင် |
November 2, 2009 12:00 PM