ရွာဝေးလေး
ရွာဝေးလေးရေ
အပူအပင်ကင်းစွာနဲ့
ညရဲ့ ရင်ခွင်ထက်မှာ
မင်းအိပ်စက်နေရောပေါ့ . . .။
နီယွန်မီးချောင်းတွေ အောက်က
ငါ့ရဲ့
အိပ်မပျော်တဲ့ ညတွေကို
မင်း သိစေချင်လိုက်တာကွယ်။
ညတွေဟာ
ညမဆန်စွာ အပြုံးတုတွေ တပ်ဆင်လို့
လမင်းကြီးကို ပျက်ရယ်ပြုနေကြရဲ့
ကောင်းကင် ပျောက်နေတဲ့
ဒီအခန်းထဲမှာ ငါ . . .
မောပန်းလိုက်တာကွယ် ...။
မိုးတိမ် အကြားက လမင်းပြူတော့
ရွာဝေးလေးဟာ
မှိန်ပြပြလင်းလို့ လှနေမှာပေါ့ကွယ်
ရွာဝေးလေးမှာ လက်ဖက်ရည်ဆိုင်မရှိဘူး၊
ဒါပေမယ့်
ရွာအဝင်ပေါက်က တမာပင်အောက်မှာ
ခုံတန်းလေး ရှိတယ်။
ရွာဝေးလေးက ဘောလုံးပွဲမကြည့်ဘူး၊
ဒါပေမယ့်
ခုံတန်းလေး ပေါ်မှာ
ညနေစောင်းရဲ့ရင်ခုန်သံတွေ ပွင့်အန်ကြတယ်။
ရွာဝေးလေးမှာ ရုပ်ရှင်ရုံမရှိဘူး
ဒါပေမယ့်
ဆေးလိပ်ခုံမှာ လူစုံတယ်။
ရွာဝေးလေးရဲ့ ညက . . .
ငြိမ်သက်တယ်
အေးမြတယ်
ကြယ်တွေစုံတယ်
မြို့ပြရဲ့ ညှော်နံ့တွေထဲမှာ
မွန်းကျပ်နေပြီကွယ်
တမာရနံ့သင်းတဲ့ ရွာဝေးလေးရဲ့
ရင်ခွင်ထဲကို အရောက်ပြန်ခဲ့မယ် ။
+ ရိုးမြင့်ကောင်းသစ်(12:15pm 30.5.06 ၊ ပခုက္ကူမြို့) +
Labels: home, life, ရိုးမြင့်ကောင်းသစ်