Monday, February 19, 2007

ဒိုင်ယာရီ အ၀ါ

ကားတွေ တ၀ူးဝူး ဖြတ်မောင်းသွားစဉ်
ချစ်သူတွေ အရှိန်ပြင်းပြင်း စီးဆင်းသွားစဉ်
တစ်လမ်းလုံး နီယွန်မီးရောင်တွေ အောက်က
လရောင်မျှော် ညအလင်းကဖေး တစ်ခုပါကွယ်။
ပလက်ဖောင်းကို ငါတွေးခေါ်တယ်။
ညခေါင်းအုံးကို ငါတွေးခေါ်တယ် ။
ညပြီးတော့ နေ့ နေ့ ပြီးတော့ ည
ဆူ ဖြိုးတဲ့ အလွမ်းဟာ ပင်လယ်ဆီကိုပါ ။
ဝင့်ကြွားစရာ ရှန်ပိန်တစ်ခွက်က
ဒီအတိုင်းပဲ လွဲချော်နေတော့ မလား
အာဖရိက တောလိုက်ပြန် ညထဲက
အသားကင် မီးဖို ရှိပါသေးလား . . .. . ဘ၀ဆိုတာ
တိုက်တိုက်ဆိုင်ဆိုင် လွမ်းမိဦးမယ်
ကဗျာစာအုပ်လေး အပိုင်ဝယ်ချင်တာလဲ
ငါ့အဖို့ စွန့်စားခန်းပဲကွယ်။
ရေနွေး လောင်းထည့် ရုံ နဲ့ အသင့်ဖြစ်မလာခဲ့ တဲ့
ကော်ဖီတစ်ခွက်လေ. . . . . .. .
ချစ်သူလေးတွေလို အရှိန်ပြင်းပြင်းစီးဆင်းလို့ ရမလား
ပလက်ဖောင်းကို ငါတွေးခေါ်တယ်
ညခေါင်းအုံးကို ငါတွေးခေါ်တယ်
ကောင်မလေးရေ. . . . . . .
စိတ်ငြိမ်ဆေးတွေ မစားခဲ့ ဘူး
နှလုံးရပ်ဆေးတွေ ထိုးမသွင်း ခဲ့ ဘူး
မင့် ကို ငါချစ်တတ်ခဲ့ပါရဲ့
နပ်မှန်အောင် ပြုံးမပြနိုင်တာက ပင်လယ်ဆီလွမ်းလိုက်ရလို့
ငါ့ ကို ခွင့်လွှတ်ပါလေ။ ။
- မျိုးသက်နှစ် -

Labels: , ,

ညီမလေးရဲ့ခေတ်ပေါ်ချွေးနံ့

ညီမလေးကငယ်တော့ ပေါ့ပေါ့ပါးပါးရယ်တတ်တယ်
ညီမလေးရဲ့ ရယ်သံထဲ
ဣနြေ္ဒက
တီရှပ်ကျပ်ကျပ်နဲ့ ထမီစကပ်အကွဲတွေ ၀တ်တယ်
မျက်နှာပေါင်းတင် မျက်တောင်တုတပ်ပြီး
ဒေါက်မြင့်မြင့် ခုံထူထူဖိနပ်ကိုလည်း စီးတယ်
မျက်လုံးလေးထောင့်ကပ်ကြည့်လိုက်ရင် ကြယ်တွေတဖြုတ်ဖြုတ် ကြွေကျလာမယ်
သွေးသားဆူဖြိုးတဲ့ စိတ်ခံစားမှုကို ပိတ်ဆို့မထားချင်တာနဲ့
ဣနြေ္ဒက
တောင်တန်း ချိုင့်ဝှမ်းတွေရဲ့ မမြင်ကွယ်ရာအလှတွေကို
တစ်ဝက်ဖော် တစ်ဝက်ဖုံးပြီး လေညှင်းခံထွက်တယ်၊
နီတိတွေကို နှုတ်ခမ်းနီ ပါးနီ ဆိုးပြီးတဲ့နောက်
သတင်း အဖြစ်အပျက် တွေ မြန်ဆန်ပြီး
အလျားအနံ ကျုံ့လာတဲ့ ကမ္ဘာကြီးမှာ
အလိုဆန္ဒထက် ခြေတစ်လှမ်း ပိုစော
သံယောဇဉ်ကို ချုံ့ ပစ်ဖို့
ဆံပင်တိုတို ဖြတ်ပစ်လိုက်တယ်
ညီမလေးက
ငယ်တော့
ပေါ့ပေါ့ပါးပါး ရယ်တတ်တယ်

ညီမလေးက
အိပ်မက်ကို ရွှေအိမ်မှာ စံနိုင်ဖို့
(လိုအပ်ရင်) ခန္ဓာတစ်ကိုယ်လုံး ဆယ့်နှစ်ကြိုးနဲ့ တစ်ပြိုင်နက်
တီးခတ် တတ်တယ်
နမ်းခန်း လွမ်းခန်းတွေ တင်ဆက်ဖို့
ပျော်ရွှင်ရာ ကမ်းမဲ့လမ်းမဲ့ဘုံကို ခပ်ကြမ်းကြမ်းစုန်တက်တတ်တယ်
ညီမလေးက
ကျောပိုးအိတ်တစ်လုံးနဲ့ ခေတ်ကြီးကိုထည့်လို့
ခေတ်ကြီးထဲ
သံသရာတစ်သိန်းလောက် နက်ရှိုင်းတဲ့ ပါးချိုင့်လေးကိုထည့်လို့
အသံတစ်ဆုံး နစ်မြုပ်အောင်ညှို့နိုင်တဲ့ သွားတက်ကလေးကိုထည့်လို့
ပြီးတော့
ရောင်းရန် ရှိသည် ဆိုတဲ့ စာတန်းတစ်ခု
ဂဏန်းတွက်စက် တစ်လုံး
တစ်ခါသုံး သမုဒယ တစ်ကဒ်
ပြီးတော့
ဆေးရည်စိမ်ထားတဲ့ ချစ်မေတ္တာနဲ့ နှလုံးသားတစ်စုံ
ပြီးတော့
ညီမလေးက ပေါ့ပေါ့ပါးပါးရယ်တတ်တယ်လေ။ ။
- ဇော်ဟိတ် -၂၀၀၃ -

Labels: , ,

Friday, February 16, 2007

ဂြိုဟ်ပဲ့ပေါ်မှာ ထွင်းထုထားတဲ့ ပေးစာ

(မြင်းခွာသံတစ်ချက် မရိုက်မိတာနဲ့ စစ်ရှုံးခဲ့ဖူးတယ်)
မလိုအပ်ဘဲ မေ့ပစ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးဟာ
သတိရခြင်းပါလို့ ပြောဖြစ်အောင်ပြောပြပါ မြို့ကလေး...
စိတ်နဲ့သာ ရှုရှိုက်ရတဲ့ ရနံ့များ
အဝေးရောက်မြို့ များဆီ တယ်လီဖုန်းဆက်ရဦးမယ်
နေ့တွေဟာ သေပြီးရင်း ရှင်ရင်းဆိုတော့
အညောင်းဆန့်စရာ ရာသီတစ်ခုလဲ ရှိရမှာပေါ့
ငါးတွေ ရေနစ်ကုန်ပြီလို့ သံသယဖြစ်စရာမလို
အမူးပြေ ရှုရှိုက်ဖို့သာ ချော်လဲတတ်တဲ့ သီချင်းတွေလိုရဲ့
စိတ်မဆိုးဘူးဆိုရင်...သင်ခန်းစာတွေ ပြန်နွှေးရအောင်ပါ
ခိုးခိုးပြီးနမ်းတဲ့ စံပယ်တွေမှာ ငါ့အနွေးဓါတ်ရှိတယ်
နှစ်ယောက်ထိုင်ဖူးတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ
ပုလဲ လက်ဖက်ရည်ဆိုင်ကို ငါကရွေးတယ်
မိုးတိမ်တွေ အုံ့ဆိုင်းလွန်းတယ်
ပွင့်ပွင့်လင်းလင်း ဆက်ဆံကြရင်ကောင်းမယ်
အားလုံးကို ပြန်သုံးသပ်ရင်
ရယ်တာ နဲနဲ နင်ကလျော့ရမယ်
ဆံပင်ရှည်ကို နဲနဲ ဖြတ်ရမယ်
မြင်းခွာသံတစ်ချက် မရိုက်မိတာနဲ့ စစ်ရှုံးခဲ့ရဲ့ မဟုတ်လား..
ရေခဲ့ခန်းထဲက သစ်သီးတွေကို ထုတ်လိုက်ပါ
အဟာရလျော့နိုင်တယ်လို့ ဆေးသိပ်ပံသတင်းတစ်ပုဒ်က ဆိုတယ်....။ ။

- မျိုးသက်နှစ် -

Labels: ,

Friday, February 9, 2007

အရေးတကြီးသစ်ပင်

သက်သေပြစရာလိုလို့လား အချစ်မှာ
ငါ့ကို ရင့်ရင့်သီးသီးလေး ပြန်ပြောစမ်းပါ
တစ်စေ့ချင်း ချွေစားခံရတဲ့ ပြောင်းဖူးတိုလေး ငါပါ ။

ကိုယ့်တံတွေး ကိုယ်မျိုရသလို
ကိုယ့်ဆနဒ ပြန်မျိုဖို့က ခက်တယ်
မြို့ ကြီးပြကြီးတွေလို မစိမ်းစမ်းနဲ့ကွယ်
ကားအ၀င်အထွက်ရှိသည် ဆိုင်းဘုတ်ပြားလေး ချိတ်ဆွဲမယ်
အိမ်နံပတ်ကို မင်းနာမည်ရေးထိုးမယ်
ဆေးလိပ်လဲ ဖြတ်မယ်
လိုအပ်ရင် ဆံပင်တွေပါ ဖြတ်မယ်
အဲဒီလို အလင်းလုရင်း အရပ်ရှည်လာခဲ့... ...။

ဆံစနွယ်တွေ ကျောပြင်ပေါ်တွဲခို
ခါးအထိရှည်တဲ့ အင်္ကျီကို ၀တ်မယ်
လက်မောင်းသားလေးလည်း ပေါ်နေမယ်
စက်ဘီးအနှေးစီးရင်း သီချင်းတိုးတိုးညည်းမယ်
တခါတခါ စိတ်လိုလက်ရ ရီမယ်
ဇာတ်နာတဲ့ ၀တ်ထုတွေ ဖတ်ပြီးရင် ငိုမယ်
လမ်းလျှောက်ရင် ကို်ယ်လုံးလေး လှုပ်ခါမယ်
စံပယ်ရနံ့ ခေါင်းလျှော်ရည်ကို သုံးမယ်
မနက်တိုင်း အေရိုးဗစ်ကစားမယ်
ဒီနှစ်ပိုင်းထဲ တရားလဲထိုင်ဦးမယ်
အဲဒီလို မင့်ကို အလွတ်ရနေတာတောင်
ငါ့အတွက် အောင်မှတ် မနီးသေးဘူးလားကွယ့် ။ ။

- မျိုးသက်နှစ် -

Labels: ,

အချစ်ဦး

ပန်း၏ရနံ့ထဲ
ကိုယ်ယောင်ဖျောက်ပြီး စီးမျောလွင့်ပါလာသော
လေညှင်းလေးကို
ကျွန်တော့် ပြတင်းမှ အမှတ်မထင် တွေ့လိုက်ရပါသည် ။
လေညှင်းလေးသည်
နေ့ယောင်ဆောင်တတ်၍ ညယောင်လည်းဆောင်တတ်ကာ
နေ့နေ့ညည ကိုယ်ယောင်ပြတတ်သော သူယောင်မယ်လေး ဖြစ်ပါသည် ။

ကျွန်တော့်ဘ၀၏ တစ်ဖက်ကမ်း၌
ယနေ့ထက်တိုင် ပြေးလွှားဆော့ကစားလျှက်ရှိသော
လေညှင်းလေးသည်
မနေ့ဆီက ကျွန်တော့်ဝိညာဉ်ကို ခိုးယူသွားသော
လေညှင်းလေးပင် ဖြစ်ပါတော့သည် ။ ။

- ဇော်ဟိတ် -

Labels: ,

Wednesday, February 7, 2007

အရေးပေါ် လူနာ

ကောင်မလေးရေ...
သေရေးရှင်ရေးကို လေပြည်ထိုးလို့ မရဘူးကွယ့်
ရင်ထဲက မီးတောက်ကို ငြိမ်းဖို့
သမုဒ်ဒ္ဒရာ ဘယ်နှစ်စင်းလောက် လိုအပ်မှာလဲ...။

မနက်တိုင်း
ကော်ဖီပူပူတွေ လောင်းထည့်နေရတဲ့ ငါ့ ရင်ဘတ်ကို
နင်ဖတ်ကြည့်ဖို့ အရေးတကြီး လိုအပ်နေပြီကွယ့်
ဘာသာပြန်ရခက်တဲ့ မျက်ဝန်းတစ်စုံ အတွက်
ကျောင်းတက်ချိန်တွေကို
သေတပန်သက်တစ်ဆုံး ငါမုန်းနေမိတော့မယ် ။

မျက်ဝန်းလေး တ၀င့်ဝင့်နဲ့
နင့် အကြည့်တွေ ရွာလာမယ် အချိန်ကို စောင့်မျှော်ရင်း
လရောင်တွေပဲ လင်းလက် လေမလား...
မိုးမှောင်တွေပဲ ကျလာ လေမလား...
စိုးရိမ်စိတ်တွေပဲ တောထ လာတယ် ။
သေချာပါတယ်...ကောင်မလေးရယ်
အချစ်ဆိုတာ...
ဥသြဆွဲရုံ နဲ့ လုံလောက်တဲ့ မီးပေါ့ဆမှုမျိုး မဟုတ်ဘူးကွယ့်
ခုတော့ ... ... ကော်ဖီစွဲသလိုမျိုး စွဲမိပေါ့ ။

ကောင်မလေးရယ်...
မိုးသက်မုန်တိုင်း မှ မဟုတ်ပါဘူး ၊
လေညှင်းတွေမှာလည်း
သစ်ရွက်တွေ ခူးဆွတ်ခွင့် ရထားကြတာပဲ မဟုတ်လား
အဆုံးတော့ ..... ..... ....
(စိတ်ရောကိုယ်ပါ ကြွေကျဖို့ - - - -)
လေတိုးသံလေးကို ရင်တစ်ထိတ်ထိတ်နဲ့ စောင့်မျှော်နေရတဲ့
သစ်ရွက်ဝါလေးဟာ ကိုယ်များလား... ... ... ...။ ။
- စိုးလှိုက်ဦး -

Labels: ,

နွေရာသီပြဇာတ်

ကျွန့်တော့် ရဲ့ ချစ်လှစွာသော
ပြဇာတ်မင်းသမီးချော ခင်ချိုရည်ရေ...
ကျွန်တော်ဟာ
ဆူနာမီက လွတ်ခဲ့တယ်လို့ ခင်ဗျားဘာသက်သေပြနိုင်လို့လဲ
ခင်ဗျား မတော်တဆ တိုက်ချခဲ့တဲ့ စိတ်က
ကျွန်တော့် တစ်ဘ၀စာလုံး စွတ်စိုထိုင်းမှိုင်းစေခဲ့တာပဲ...။
နောက်ပြီး...
ခင်ဗျားဟာ
စကြာဝဠာသံထွက်တဲ့ မြစ်ပဲ
တစ်စုံတစ်ခုကို အမြဲ ၀ှက်ယူ စီးဆင်းတတ်တယ်
အဲဒီ တစ်စုံတစ်ခုဟာ...
ကျွန်တော်ပိုင်တဲ့ ကျွန်တော်အတုလည်း ဖြစ်နိုင်တယ်
ဟန်ဆောင်ပန်ဆောင် ရောဂါသည်းသည်း တွေလည်း ဖြစ်နိုင်တယ်
အလျော့ အတင်းတွေနဲ့ လွန်းတင်ထားတဲ့ ရင်ခုန်သံတွေလည်း ဖြစ်နိုင်တယ်

မှောင်နဲ့ မည်းမည်း မြင်းကွင်းအကန်းလေးထဲ
မျှော်လင့်ချက်လေး အစုန်အဆန်ကူးခတ်နေမိတာ
နီးမလာနိုင်တဲ့ မျက်ဝန်းလေးထဲ ၀ပ်ကျင်းဖွဲ့နေမိတာ
နေမမြင့်ပေမယ့် အရူးရင့်နေမိတာ
အစွဲအလမ်း ကြီးရတဲ့ အထဲ
ခင်ဗျားကလဲ
အသဲကွဲအရောင်တွေကိုပဲ ထည်လဲ ၀တ်တတ်တယ်
သေတဲ့အထိ ဆေးလိပ် ဖြတ်မသွားတဲ့ အဘွားကို
ခင်ဗျားနဲ့ တွေ့ မှ
ကျွန်တော် သေသေချာချာ နားလည်နိုင်ခဲ့ ပါပြီ ။

ဘယ်လို ပြန်လည် မြင်ယောင် ကြည့်ရဦးမှာလဲ
“အမြဲ သတိရပါ့မယ်”တဲ့
ခင်ဗျားရဲ့ နှုတ်ခမ်းတွေ ခုထိ စွတ်စိုနေဦးမလား
ကျွန်တော် မတွေးရဲဘူး ။
ခရမ်းရောင် ၀မ်းဆက်တွေ ၀တ်ပြီး
ပြန်ဆုံမယ့် ညနေ လို့ ခင်ဗျား ကားလိပ်ချသွားတဲ့
နွေရာသီပြဇာတ် တစ်ပုဒ်ကို
အသံတိတ် ကကြိုးတွေနဲ့ ကခဲ့ဖူးတယ် ။
ကြော်ငြာ အချပ်ပို တစ်ရွက်လို ဒီပြဇာတ်က
နွေသစ်ရွက်တွေနဲ့ ရောပြီး ပျောက်ရှတယ်
ပြဇာတ်မင်းသမီးချော ခင်ချိုရည် ကိုယ်တိုင်ရောပါပဲ...။
(မေမေ့ ပုံပြင်တွေဟာ
သွေးထွက်အောင် မှန်ခဲ့တာပဲ ။ )

ချစ်လှစွာသော...
ပြဇာတ်မင်းသမီးချော ခင်ချိုရည်ရေ...
ဟောဒီ နွေလယ်ခေါင်မှာ
ခင်ဗျားလဲ...အကယ်ဒမီတွေနဲ့ လွဲခဲ့ရသလို
ကျွန်တော်လည်း ခင်ဗျားနဲ့ လွဲခဲ့ရတာပါပဲ ။ ။
- စိုးလှိုက်ဦး -

Labels: ,

ကြိုးမညီတဲ့ သီချင်း



ဆေးလိပ်က ဖြတ်လို့ မရသလို
ချောင်းဆိုးကလည်း ရပ်မသွားဘူး ။

ဇာတ်လမ်းက ဆက်လို့ မရသလို
အဆက်ကလည်း ဖြတ်လို့ မရဘူး ။

နှလုံးက အားနည်းသလို
သူရဲကောင်းကလည်း မလုပ်လို့ မရဘူး ။

အရင်းအနှီးက များသလို
အရှုံးကလည်း ရှောင်လို့ မလွတ်ဘူး ။

တယောလေးပေါ် ဘိုးတံက တင်လို့ မရသလို
ရောမမြို့ ကြီးကလည်း မီးလောင်တာ ရပ်မရဘူး ။

ရန်သူကများသလို
“ဘရုတပ်”ကလည်း မပါလို့ မရဘူး ။

အရေးပေါ် အခန်းထဲက
အဖြစ်မှန်ကို အသိမပေးရဲတဲ့ လူနာဟာ
ငါဖြစ်တာ ညင်းလို့ မရဘူး ။ ။
- စိုးလှိုက်ဦး -

Labels: ,

Access URLs

Feeds & Traffic


Powered by  MyPagerank.Net
Yahoo bot last visit powered by MyPagerank.Net
Msn bot last visit powered by MyPagerank.Net


Recent Comments




Visitors


FREE Hit Counters!

License


Creative Commons License
MyLittlePoemFactory by Daywalker is licensed under a Creative Commons Attribution 3.0 United States License.
Based on a work at daywalker-poem.blogspot.com.
Permissions beyond the scope of this license may be available at http://daywalker-poem.blogspot.com.